Saturday, October 25, 2008

ကြေးဖြစ်သွားသောရွှေများ

ဒီခေါင်းစဉ်လေးကို သိမ်းထားတာ နှစ်နဲ့ချီ ကြာခဲ့ပါပြီ။ “ငါတို့ မြန်မာတွေ ရွှေကနေ ကြေး ဖြစ်သွားပြီ” လို့ပြောခဲ့တာကတော့ ကျွန်တော်နဲ့ စကာင်္ပူ S.T MARIANE သင်္ဘောကျင်းမှာတွေ့ခဲ့တဲ့ စက်ချုပ်(Chief Engineer) တစ်ယောက်ပါ။ ဟိုတစ်ခေတ်က ကျွန်တော်တို့ မြန်မာတွေဟာ တကယ့်ကို ရွှေဖြစ်ခဲ့တာပါ။ ခုများမှာတော့ မြန်မာဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာတောင် ရှိသေးရဲ့လားလို့ ထင်စရာဖြစ်နေပါပြီ။ ကျွန်တော်တို့ သဘောင်္သားဆိုတာက နိုင်ငံစုံ ရောက်ပါတယ်။ အဲဒီမှာ ကျွန်တော့်ကို ဖိလစ်ပိုင်ကလားဆိုပြီး မေးကြပါတယ်။ ကျွန်တော်က မြန်မာဆိုပြီး ဖြေရင် သူတို့ မသိတော့ဘူး။ တချို့သက်ကြီးပိုင်းတွေကတော့ ဘားမား ဆိုရင် သိကြပါသေးတယ်။ ဘားမား ဆိုပြီး နာမည်တစ်လုံး ကျန်ခဲ့အောင် လုပ်ပေးခဲ့တဲ့ လူတွေရဲ့ ကျေးဇူးက ကြီးလှပါတယ်။ ထူးခြားတာ တစ်ခုကတော့ မြန်မာဆိုရင်သာ မသိကြတာပါ - စုကြည် ဆိုရင်တော့ သိနေကြတာပါပဲ။

ကြေးဖြစ်သွားတဲ့ ရွှေတွေအကြောင်း ကျွန်တော့်ရဲ့ ကိုယ်တွေ့လေးတွေ ပြောချင်ပါတယ်။ ကျွန်တော် သင်္ဘောသား လူသစ်ဘဝက လစာ US$ 250 နဲ့ စခဲ့ရပါတယ်။ အဲဒီလို ဘဝ စအောင် ပေးခဲ့ရတဲ့ လိုင်းကြေးက US$ 1800 ပါ။ အဲဒီသင်္ဘောမှာ ကိုးလပဲ လုပ်ခဲ့ရပါတယ်။ Sailorပေးထားတဲ့ အရင်းပြန်ရပေမယ့် အစိုးရကို အခွန်ဆောင်ဖို့တော့ အိမ်က စိုက်လိုက်ရတယ်။ ရတဲ့ လစာ အရမ်းနည်းတာ၊ အေးဂျင့်ကို မတန်တဆ ပေးရတာတွေ သိပေမယ့် ဒီလိုမှ မပေးရင် သင်္ဘောပေါ် မရောက်နိုင်တဲ့အတွက် ပေးလိုက်ရတော့တာပါပဲ။ အခုချိန်မှာဆိုရင် သင်္ဘောသား ဖြစ်ချင်သူတွေ ပေးနေရတဲ့ လိုင်းကြေးက ကျွန်တော်တို့တုန်းကထက် နှစ်ဆလောက် ပိုများနေပါပြီ။ လစာကတော့ တစ်ချို့ ဆိုရင် US180လောက်နဲ့ လုပ်ကြရတာပါ။ ဟိုအရင်က ဒီလို ဘယ်ဟုတ်လိမ့်မတုန်း။ အေးဂျင့်တွေ၊ သင်္ဘောကိုယ်စားလှယ်တွေ ကိုယ်တိုင် သဘောင်္သားတွေ နောက်လိုက်နေရတာ။ သဘောင်္သားက မာရေ ကြောရေ ပြောလည်း ခံရတာပါ။ သင်္ဘောသားဆီကနေ ပိုက်ဆံယူဖို့ဆိုတာ စဉ်းတောင် စဉ်းစားရဲကြတာ မဟုတ်ပါဘူး။ ခုခေတ်မှာတော့ ပိုက်ဆံမပေးရင် သင်္ဘောသား ဖြစ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။

ဒီလိုပါပဲ Shore Job လုပ်ချင်တဲ့ လူတွေကလည်း အေးဂျင့်ကို ပေးလိုက်ရတဲ့ ပိုက်ဆံတွေ။ တကယ်တမ်း ဟိုရောက်တော့ ပြောထားတာနဲ့ နေရ၊ ထိုင်ရ၊ လုပ်ရတာတွေ တလွှဲစီ ဖြစ်နေတာကများပါတယ်။ တစ်ခါက စင်္ကာပူမှာ PR ပူပူနွေးနွေးရထားတဲ့ သူငယ်ချင်း တစ်ယောက် အလုပ်လိုက်ရှာတာ တော်တော်ကြာသွားတယ်။ ဒါပေမယ့် အလုပ်ရတယ် မကြားလို့ မေးကြည့်တော့ ပေးတဲ့လစာ အရမ်းနည်းလို့တဲ့။ နောက်ဆုံးတော့လည်း နေစရိတ်၊စားစရိတ် ကြီးမားတဲ့ စကာင်္ပူမှာ အလုပ်မရှိရင် မဖြစ်တာကြောင့် ရတဲ့ အလုပ်ဝင် လုပ်လိုက်ရပါရောလား။ ခုထိလည်း ဒီလိုဖြစ်နေတုန်းပါပဲ။ လစာနည်းရင် အလုပ်နည်းနည်းပဲ လုပ်ရမယ်ဆိုတဲ့ ဥပဒေမရှိပါဘူး။ ဘယ်အလုပ်ခွင်မှာဖြစ်ဖြစ် အများနည်းတူ တူညီတဲ့ လုပ်အားကို ပေးကြရတာပါ။ ဒီတော့အများနည်းတူ အခွင့်ရေးမ ရသင့်ဘူးလား။ ရသင့်ရဲ့ သားနဲ့ ဘာလို့မရကြတာလဲ။ စဉ်းစားမိတာလေးတွေ ပြောရရင်…………..

တိုင်းပြည်ရဲ့ တဟုန်ထိုး ကျဆင်းလာတဲ့ စီးပွားရေးကို တောင့်ခံအား မရှိတော့တဲ့ ပြည်သူတွေဟာ ရရာအလုပ်ကို ရရာဈေးနဲ့ ဝင်လုပ်နေကြရပါတယ်။ မိသားစု လူလူသူသူ နေနိုင် စားနိုင်အောင် ပြည်ပမှာ အလုပ်သွားလုပ်ချင်သူ များပြားလာတဲ့အခါ အေးဂျင့် တောင်းသလောက် ပေးပြီး သူ့ထက်ငါ အရင်ထွက်ရအောင် ကြိုးစား လာကြတော့တယ်။ General worker တွေမှာ လစာငွေ ကွာဟမှု မရှိတတ်ပေမယ့် အေးဂျင့် ကိုပေးရတဲ့အခါမှာတော့ကွာဟမှုတွေ ရှိလာတတ်ပါတယ်။ ပညာရှင်၊ လုပ်ငန်းကျွမ်းသူတို့က ဈေးကောင်းရပေမယ့် အခြားနိုင်ငံသားတွေနဲ့ စာရင်တော့ ဈေးနည်းနေသေးတာတော့ သေချာပါတယ်။ အထူးသဖြင့် သင်္ဘောသား လောကမှာ အဆိုးဆုံးလို့မြင်ပါတယ်။ သဘောင်္သားတွေဟာ ရာထူးချင်း တူပေမယ့် ရတဲ့လစာကတော့ တော်တော်ကွဲပြားတာ တွေ့နေရတယ်။ သဘောင်္လိုင်းတွေကလည်း ပေးတာမတူညီကြပါဘူး။ အရာရှိတွေ၊ အင်ဂျင်နီယာတွေ အတွက်တော့ အခုချိန်မှာ လစာ အတည်တကျ ဖြစ်သလောက်ရှိနေပါပြီ။ သူတို့ကလည်း သတ်မှတ်လစာ မရရင် မလုပ်ကြတော့ပါဘူး။ ခက်နေတာက အောက်ခြေသင်္ဘောသားတွေပါ။ သင်္ဘောအတွေ့ကြုံလည်း လုံလုံလောက်လောက် ရှိကြတယ်၊ လုပ်ငန်းကျွမ်းကျင်မှုလည်းရှိကြပါလျက်နဲ့ လစာ US$1200 အခြေခံလစာကို US$ 400 လောက်နဲ့ လုပ်နေရသူတွေ အများကြီးရှိပါတယ်။ ဒါကမြန်မာလူမျိုးချင်း အတူတူကို သဘောင်္လိုင်းပေါ် မှုတည်ပြီး ကွဲပြားသွားတာပါ။ မြန်မာ သဘောင်္သား ခုနှစ်သောင်းကျော် ရှိနေတဲ့အတွက် မိမိ သင်္ဘောပေါ်ရောက်ရေးကသာ နံပတ်တစ် ဖြစ်လာနေပါတယ်။ ထိုင်စားနေတာထက် စာရင် သဘောင်္ပေါ်မှာက တော်သေးတယ်ဆိုပြီး ရရာလစာနဲ့ လုပ်နေတဲ့သူတွေကတစ်စု၊ မိသားစု စားဝတ်နေရေး အကြပ်တည်းကြောင့် ရရာလစာနဲ့ လုပ်နေသူတွေကတစ်စု၊ အတွေ့ကြုံလိုချင်လို့ အရင်းကြေရင် ပြီးရောဆိုပြီး ရရာလစာနဲ့ လုပ်နေတဲ့ လူသစ်တန်းက တစ်စု၊ နောက်ဆုံးတစ်စုကတော့ အရည်ချင်း ပြည့်ဝပေမယ့်လို့ အကြောင်း အမျိုးမျိုးကြောင့် ပထမတန်းလိုင်းတွေမှာ လုပ်ခွင့်မရဘဲ ဒုတိယတန်းလိုင်းလောက်နဲ့ ကျေနပ်နေကြရတဲ့ သူတွေပါ။ ဘယ်လို အစုထဲမှာပဲပါနေပါစေ - သင်္ဘောသားတိုင်းဟာ တူညီတဲ့ တာဝန်ထမ်းဆောင်နေကြရတာ ဖြစ်သလို နိုင်ငံတော် အတွက်လည်း နိုင်ငံခြားဝင်ငွေကို အသက်နဲ့ ရင်းပြီးရှာဖွေပေးနေကြတာပါ။

အဲဒီမှာဘာသွားတွေ့လဲဆိုတော့ “ သူလည်းသဘောင်္သား၊ ငါလည်းသဘောင်္သား၊ သူ့လောက် လစာ မရရင် မလုပ်ဘူးကွ” ဆိုတဲ့လူမျိုး တစ်ယောက်မှ မတွေ့ရတာပါပဲ။ ဘာလို့ဒီလိုဖြစ်ရပါသလဲ။ ရှင်းရှင်းလေးပါ။ ကိုယ်မလုပ်ရင် လုပ်မယ့်လူတွေ ပုံနေလို့ပါပဲ။ အများနည်းတူ အခွင့်ရေးရဖို့နဲ့ တန်းတူ ညီတူလစာရဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ အလုပ်သမား ကိုယ်တိုင်က ရရာဈေးနဲ့ ကျေနပ်မနေကြဖို့လိုလာပါပြီ။ ဒီတော့ “ငါတို့က သပိတ်မှောက်ရမှာလား” ဆိုပြီးတော့ မေးစရာရှိလာပါတယ်။ အဲဒါဆိုရင်တော့ အလုပ်ထုတ်ခံရဖို့ သေချာသလောက်ပါပဲ။ မြန်မာတွေဟာ အခွင့်ရေးနဲ့ ထိုက်တန်ကြောင်း၊ တန်းတူညီတူ လစာရသင့်ကြောင်းကို အလုပ်နဲ့ပဲ သက်သေပြကြပါလို့ တိုက်တွန်းရပါလိမ့်မယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုရင် မြန်မာလူထုရဲ့နောက်မှာ ရပ်တည်ပေးမယ့် အဖွဲ့အစည်းမရှိလို့ပါ။ လက်ရှိမြန်မာအစိုးရကလည်း အခွန်ကောက်ဖို့လောက်ကလွှဲလို့ ပြည်သူတွေကို လှည့်မကြည့်ပါဘူး၊ သက်ဆိုင်ရာသံရုံးတွေကလည်း အကူညီပေးဖို့ မပြောနဲ့ - တံခါးတောင် ဖွင့်ပေးတာ မဟုတ်ပါဘူး။ ဒါကို သိနေတဲ့ တိုင်းပြည်တွေဟာ မြန်မာဆိုတာ ခိုင်းကောင်းတဲ့ ကျွန်တွေလို့ သဘောထားလာကြတော့ပါပဲ။

ပြည်ပမှာ အလုပ်လုပ်တဲ့အခါ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံနဲ့တွဲ အလုပ်လုပ်ကြရတာပါ။ အလုပ်ရှင်၊ Supervisor တို့ဟာ လုပ်ငန်းခွင်မှာ လူများစွာကို အုပ်ချုပ်ရတာ ဖြစ်တဲ့အတွက် လူတစ်ယောက်ချင်းစီရဲ့  နာမည်ကို မှတ်မိဖို့ဆိုတာ မလွယ်ကူပါဘူး။ (လူနည်းစု လုပ်နေတဲ့ လုပ်ငန်းတွေကတော့ ခြွင်းချက်ပေါ့ဗျာ) တစ်ချို့ ကြတော့လည်း နှိမ်ချင်လို့ နာမည်ကို မခေါ်တာတွေရှိတတ်ပါတယ်။ ဥပမာ ပြောရရင် “ ဟိုမြန်မာကို ခေါ်လိုက်စမ်းတို့၊ ဒီနေရာမှာ မြန်မာကောင်ကို ခိုင်းလိုက်ပါ ” ဆိုတာမျိုးတွေပေါ့။ ကိုယ့်ဘက်က မှားခဲ့ရင်လည်း “ မင်းတို့ မြန်မာတွေ” ဆိုပြီးဆဲတာဆိုတာ ခံရပါတယ်။ ကျွန်တော်ပြောချင်တာ အဲဒါပါပဲ။ ကိုယ်မကောင်းလို့ ပြောချင်ရင် နာမည်တပ်ပြီး ပြောပါ။ လက်ခံပါတယ်။ ကိုယ်ကမှားထားတာကိုး။ ဒါကို ဒေါသထွက်နေဖို့ မလိုပါဘူး။ ဒါပေမယ့် ကိုယ့်ကြောင့် မြန်မာဆိုပြီး နာမည်တပ်ခံလိုက်ရတာမျိုးတော့ မဖြစ်စေချင်တာ တကယ့်စေတနာ အမှန်ပါ။ မချီးကျူးရင်နေပါစေ - ကိုယ့်ကြောင့်တော့ တိုင်းပြည် ထပ်ပြီးမနိမ့်ကျစေချင်ပါဘူး။

Myanmar Sailorနောက်အတွေ့အကြုံတစ်ခုကတော့ ကျွန်တော့် သင်္ဘောအေးဂျင့်ရဲ့ ကိုရီးယား သင်္ဘောလိုင်း အသစ်တစ်ခုမှာပါ။ ကိုရီးယားမှာတော့ ပထမတန်းလိုင်း တစ်ခုပေါ့။ သူတို့က မြန်မာသဘောင်္သားတွေ စမ်းသုံးချင်တယ်လို့ဆိုပါတယ်။ ကြိုက်ရင် နောက်ပိုင်း ထပ်ခေါ်မယ်ပေါ့လေ။ အဲဒီမှာ ကိုရွှေအေးဂျင့်က ကျွန်တော်ကို “မင်းသွားလုပ်ပေးပါ ” ဆိုတဲ့ စကားနဲ့ လူမိုက် ငှားတော့တာပဲလေ။ ပြန်ရောက်တာ မကြာသေးလို့ မထွက်ချင်သေးကြောင်း ပြောပေမယ့် အတွေ့အကြုံရှိလို့ လွှတ်တာပါဆိုပြီး အတင်း တိုက်တွန်းနေတာနဲ့ ထွက်ဖြစ်ခဲ့ပါတယ်။ ခက်တာက ကိုရီးယားတွေနဲ့ တစ်ခါမှ မလုပ်ခဲ့ဘူးတာပါပဲ။ ကြားဖူးးထားတာကတော့ တော်တော်ရိုင်းတယ်ဆိုတာပါပဲ။ သူငယ်ချင်းတွေမေးကြည့်တော့လည်း တစ်ယောက်တစ်မျိုး ပြောနေကြတယ်။ ဒါနဲ့ပဲ ဟိုရောက်မှ မီးစင်ကြည့် ကတာပေါ့ဆိုပြီး ထွက်လာခဲ့တော့တယ်။ ကိုယ်တိုင် အဆင်မပြေမှာထက် ကိုယ်အဆင်ပြေသွားရင် နောက်ကဘဝတူ သဘောင်္သားတွေ အလုပ်ရဖို့ အခွင့်အရေးလေးက ရှိနေသေးတော့၊ ကိုယ်ကြိုးစားပြမှာရမယ်ဆိုတာ သဘောပေါက်ထားတော့ တာဝန်ပိုကြီး သွားသလိုပါပဲ။

ဒီသင်္ဘောပေါ်မှာတော့ ကိုရီးယား၊ စင်္ကာပူ၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကျွန်တော် အပါအဝင် လူမျိုးခြောက်မျိုးတိတိ ရှိပါတယ်။ လူမျိုးတွေများသည့်တိုင် ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပေမယ့် ကိုရီးယား အင်ဂျင်နီယာချုပ်ကတော့ တော်တော်ကိုဆိုးတာပါ။ ကျွန်တော့်ဆိုရင် မျက်လုံး ဒေါက်ထောက် ကြည့်ပြီးကို ခိုင်းတတ်ပါတယ်။ ကျွန်တော်လည်း ကိုယ့်ကို စမ်းနေတယ်ဆိုတာ သိလို့ အမှားအယွင်း မရှိအောင်ကို လုပ်ပြပါတယ်။ ဒါကိုလည်း သူမကျေနပ်နိုင်ပါဘူး။ ပြီးတော့ ခေါ်လိုက်ရင်လည်း စောစောကပြောခဲ့သလို မြန်မာလို့ပဲ ခေါ်ပါတယ်။ မြန်မာလို့ မခေါ်ပါနဲ့ နာမည်ခေါ်ပါဆိုတော့ မင်းမြန်မာ မဟုတ်ဘူးလားတဲ့။ဒီတော့ မြန်မာတော်တယ်ဆိုတာ မင်းပြောကို ပြောရမယ်ဆိုပြီး လုပ်လိုက်ရတာ ကျွန်တော်လည်း တော်တော် ပင်ပန်းပါတယ်။ ပင်ပန်းရကျိုးနပ်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ငါးလလောက်ကြာတော့ ကျွန်တော့်ကို မြန်မာအလုပ်လုပ်တာ အရမ်းကောင်းတယ်၊ သူသဘောကျတယ်တဲ့။ နောက်လူတွေခေါ် ဖို့ ရုံးကိုသူအကြောင်းကြားလိုက်ပြီိ ဆိုတာခေါ်ပြောပါတယ်။ ဒီတော့မှ ကျွန်တော်လည်း အသက်ရှုချောင်တော့တယ်။နောက်တော့ သူဟာ ကုမ္ပဏီ၏ လူဖြစ်ကြောင်း၊ ကျွန်တော်ကို ရုံးမှ ခိုင်းသည့်အတိုင်း စမ်းသပ်ခြင်းဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီနောက်ပိုင်း သူနဲ့ကျွန်တော် အရမ်းခင်သွားကြပါတော့တယ်။ ကျွန်တော်ပြန်ကာနီး နှစ်လလောက် အလိုမှာ နောက်ထပ်မြန်မာ လေးယောက်ရောက်လာခဲ့ပါတယ်။ ကျွန်တော့် တာဝန်ကျေ သွားခဲ့ပါပြီ။

ကျွန်တော်ရဲ့  စိတ်ရှည်မှု၊သည်းခံမှု၊ကြိုးစားမှုတို့ကြောင့် ရလာတဲ့ အောင်မြင်မှုလေးကို ပြန်ပြန်တွေးရတာ ကြည်နူးစရာလေးပါ။ ကျွန်တော်ထက်မက အောင်မြင်ခဲ့သူတွေ အများကြီးရှိနေဦးမှာပါ။ တစ်ဦးတစ်ယောက်ရဲ့  အောင်မြင်မှုက နေပြီး မြန်မာလူမျိုးတိုင်း အောင်မြင်မှုဖြစ်ဖို့ရာ အရေးကြီးပါတယ်။ မြန်မာတွေ ရွှေခေတ်ပြန်ရောက်အောင် စွမ်းဆောင်နိုင်ကြပါစေလို့ ဆန္ဒပြု ရင်း နိဂုံးချုပ်ပါရစေ။ ။


မှတ်ချက်။ ။ သံလွင်အိပ်မက်မဂ္ဂဇင်း အတွဲ ၂ အမှတ် ၃ အတွက် ပေးပို့ခဲ့သော အက်ဆေးဖြစ်ပါသည်။

1 comment:

Unknown said...

ကိုကြီး..လာလည်ပါတယ်း) စာတွေထပ်ရေးဦးနော် ။